Pages

02 June, 2012

Leave Our Worries




download mp3 ~HERE~

LEAVE OUR WORRIES - Serendipity

Songwriters - Jon D'Agostino/Chris Corley

I know a little island 
Where the sun is smilin' 
And the water's so clear 
Baby, we can go there 

Hide away from life and 
Find a patch of warm sand 
Lay beneath those palm trees 
Slip into a cool dream and 

Leave our worries at the passenger gate 
Two thousand miles behind 
Leave our worries back on yesterday's plate 
And trade em' for caribbean tide 

We Won't need no cell phone
Emails got to stay home 
Only room for you and me 
Flip flops and reggae beat 

Just let your hair down 
Sway close to me now 
Imagine paradise 
Girl it could be so nice.. To 

Chorus 

Bridge 
And every day we'll play together in the sun 
Every night we'll dance and fill our glass with rum 
We can make so many memories of love 
Once we take off and just 

Chorus 2x 

27 May, 2012

ဗုဒ္ဓ၏လူ့သမိုင်း (ကောက်နုတ်)

ကုန်းချောမှုပေါ် 
     ဤသို့ ဒုစရိုက်အမှုတွေ လောက၌ ဖြစ်ပေါ်လာသည်နှင့်အမျှ အဆင်းအားဖြင့်လည်းကောင်း၊ သက်တမ်းအားဖြင့်လည်းကောင်း ဆုတ်ယုတ်လာရာ အနှစ်နှစ်သောင်းတမ်းကာလသို့ ရောက်လာလေ၏။ ထိုအခါ တစ်ယောက်သောသူသည် ခိုးမှုကို လွန်ကျူးလေ၏။ ထိုသူကို အခြားတစ်ယောက်က မင်းထံသွား၍ “အရှင်မင်းကြီး.. ဤမည်သောသူသည် သူတစ်ပါးတို့၏ ပစ္စည်းကို ခိုးယူပါသည်” ဟု ကုန်းချောလေ၏။ ထိုအခါမှစ၍ ဤကမ္ဘာလောက၌ ပိသုဏဝါစာခေါ် ဝစီဒုစရိုက်မှုကြီး ပေါ်လာတော့သည်။ 

 *ပိသုဏဝါစာ၊ နှစ်သောင်းခါ၊ စ, လာ ဒုစရိုက်။ 

 ကာမေသုမိစ္ဆာစာရပေါ် 
      ဤသို့ဖြင့် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ အသက်တမ်းတစ်သောင်းတမ်းသို့ ရောက်လာတော့၏။ ထိုအခါ၌ကား သူတစ်ပါးပစ္စည်းကို ခိုးယူမှု၊ သူတစ်ပါးအသက်ကို သတ်ဖြတ်မှု၊ တိုက်ခိုက်လုယက်မှု၊ လိမ်ညာမှု၊ ကုန်းချောမှု ဟူသော ဒုစရိုက်တရားတို့ကြောင့် အာဟာရဓာတ်ချို့တဲ့မှုတို့ ပိုမိုဖြစ်ပေါ်လာကာ ရုပ်ဆင်းသဏ္ဌာန်များ သိသိသာသာ ကွဲပြားခြားနားလာ၏။ အချို့သောသူတို့မှာ လှပတင့်တယ် ရှုချင်ဖွယ်ရှိကုန်၏။ အချို့သောသူတို့မှာ အရုပ်ဆိုးအကျည်းတန်ကုန်၏။ ထိုအခါ အဆင်းမလှသူတို့က အဆင်းလှသူတို့ကို တပ်မက်လာကြ၏။ ထို့ကြောင့် သူတစ်ပါးတို့၏ သားမယားတို့ကို ကျူးလွန်ကျင့်ကြံကြကုန်၏။ ထိုအခါမှစ၍ ဤကမ္ဘာလောက၌ ကာမေသုမိစ္ဆာစာရခေါ်သော ယုတ်မာလှသည့် ကာယကံဒုစရိုက်ကြီး ထွန်းကားလာတော့၏။ 
     *ကာမေမိစ္ဆာ၊ တစ်သောင်းခါ၊ ဖြစ်လာဒုစရိုက်။ 

 ဖရုသဝါစာ, သမ္ဖပ္ပလာပ 
     ဤသို့ တဖြည်းဖြည်း ဆုတ်ယုတ်လာရာ သက်တမ်းငါးထောင်တမ်းသို့ ရောက်လာတော့၏။ ထိုအချိန်တွင် လောက၌ ဒုစရိုက်တရားနှစ်ပါး သိသိသာသာ ပြန့်ပွားနေပြီကို တွေ့ရ၏။ ယင်းတို့ကား မကြားကောင်း မနာသာ ယုတ်ယုတ်မာမာ ဆဲဆိုမှု ဖရုသဝါစာနှင့် အဖျင်းအရွှတ်ပြောဆိုမှု သမ္ဖပ္ပလာပတို့တည်း။ *ဖရုသာ,သမ္ဖပ်၊ ငါးထောင်ကပ်၊ ပေါ်လတ်ဒုစရိုက်။ အဘိဇ္ဈာ, ဗျာပါဒ လောက၌ ထိုဖရုသဝါစာနှင့် သမ္ဖပ္ပလာပ ဟူသော တရားနှစ်ပါး ပြန့်ပွားလာမှုကြောင့် လူတို့၏ သက်တမ်းသည်လည်း ဆုတ်ယုတ်၊ ရုပ်အဆင်းလည်း ဆုတ်ယုတ်လာကုန်တော့၏။ ထို့ကြောင့် အချို့မှာ သက်တမ်းနှစ်ထောင့်ငါးရာ၊ အချို့မှာ သက်တမ်းနှစ်ထောင်သို့ ရောက်လာ၏။ ထို့ကြောင့် အချို့မှာ အသက်နှစ်ထောင့်ငါးရာရှည်၍ အချို့ နှစ်ထောင်ရှည်သောကာကသို့ ရောက်သောအခါ လောက၌ စိတ်ထားယုတ်ညံ့မှုနှစ်ပျိုး ဖြစ်ပေါ်ပြန့်ပွားလျက် ရှိလေပြီ။ ယင်းတို့မှာ သူတစ်ပါးစည်းစိမ်ကို မတရားရယူလိုမှု အဘိဇ္ဈာနှင့် သူတစ်ပါး ပျက်စီးသေကြေဖို့ရန် ကြံစည်မှု ဗျာပါဒတို့တည်း။

     *နှစ်ထောင့်ငါးရာ၊ သက်တမ်းခါတွင်၊ ဗျာပါ,ဘိဇ္ဈာ၊ ဖြစ်ပေါ်လာ၊ နှစ်ဖြာဒုစရိုက်။ 

 မိစ္ဆာဒိဋ္ဌိ 
      ဤသို့ဖြင့် သက်တမ်း တဖြည်းဖြည်း ဆုတ်ယုတ်လာရာ တစ်ထောင်တမ်းသို့ ရောက်လာ၏။ ထိုအခါတွင် လှူတာအကျိုးမရှိ၊ ကောင်းမှုပြုလည်း ကောင်းကျိုးမရ၊ မကောင်းပြုမှုလည်း ဆိုးကျိုးမရ၊ နောက်ဘဝမရှိ၊ အမိနှင့်စပ်၍ ကောင်းကျိုးဆိုးပြစ်မရှိ၊ မဖနှင့်စပ်၍ ကောင်းကျိုးဆိုးပြစ်မရှိ စသည်ယူသည့် အမြင်မှားမှုကြီးတစ်ရပ် ပြန့်ပွားလျက်ရှိနေပြီး ထိုအခါမှစ၍ ဤကမ္ဘာလောက၌ မိစ္ဆာဒိဋ္ဌိဟူသော မနောဒုစရိုက်ကြီး ပေါ်လာတော့၏။

     *တစ်ထောင်တမ်းမှာ၊ မိစ္ဆာဒိဋ္ဌိ၊ အမည်ရှိ၊ ပေါ်ဘိဒုစရိုက်။ 

 အဓမ္မရာဂါ, ဝိသမလောဘ, မိစ္ဆာဓမ္မ 
      ဤသို့ လောက၌ မိစ္ဆာဒိဋ္ဌိဟူသော အမြင်လွဲမှားမှုကြီး ပေါ်ထွန်းပြန့်ပွားလာမှုကြောင့် လူတို့သက်တမ်းနှင့် အဆင်းတို့ ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်လာရာ အနှစ်ငါးရာတမ်းသို့ ရောက်လာကြတော့၏။ ထိုအခါ လူ့လောက၌ မကောင်းသောတရား(၃)မျိုးတို့ ဖြစ်ပေါ်လာကြကုန်၏။ ယင်းတို့ကား- (၁) အဓမ္မရာဂ = အမိ, အဒေါ်, အရီး, ကြီးတော် စသူတို့ပေါ်၌ တပ်မက်စွဲလမ်းမှု။ (၂) ဝိသမလောဘ = မိမိတို့၏ တရားဝင်ဇနီး စသူတို့အပေါ်၌ အလွန်အကျူး လိုက်စားမှု။ (၃) မိစ္ဆာဓမ္မ = ယောက်ျားချင်း၊ မိန်းမချင်း၊ လိင်တူ ဆက်ဆံမှုတို့တည်း။ 
     *ငါးရာတမ်းမှာ၊ ဖြစ်ပေါ်လာ၊ သုံးဖြာ အယုတ်တရား။ 

မိစ္ဆာဓမ္မ၊ ဝိသမ၊ အဓမ္မရာဂများ။ 
      ရိုသေမှုကင်း ဤသို့ အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မဟူသော လွန်စွာယုတ်ညံ့သော တရားများ လူ့လောက၌ ဖြစ်ပေါ်ပြန့်ပွားလာသောအခါ သက်တမ်းနှင့် ရုပ်အဆင်းတို့လည်း ပို၍ပို၍ ဆုတ်ယုတ်လာတော့၏။ ဤသို့ဖြင့် အချို့သူတို့ အနှစ် ၂၅၀-တမ်း အချို့ အနှစ် ၂၀၀-တမ်းသို့ ရောက်လျှင်-- (၁) အမိအပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။ (၂) အဖအပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။ (၃) သမဏတို့အပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။ (၄) ဗြာဟ္မဏတို့အပေါ်၌ ကောင်းစွာပြုရမည့် ဝတ္တရားတို့ကို မပြုခြင်း။ (၅) အမျိုး၌ ကြီးသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုခြင်း ဟူသော အဂါရဝ သဘောတရားတို့ ဖြစ်ပေါ်ပြန့်ပွားလာတော့၏။

      *သက်တမ်းနှစ်ရာ၊ ကာလမှာ၊ လူ့ရွာဖြစ်ပုံခင်း။ 
      အမိအဖ၊ သမဏနှင့်၊ ဗြာဟ္မဏဟူ၊ ကြီးသူအပေါ်၊ ကျင့်ဝတ်ချော်၊ မလျောဂါရဝကင်း။ 


ဒုစရိုက်မျိုးစုံ 
      သက်တမ်း ၂၀၀-ကာလမှစ၍ လူ့လောကတွင် ကာယဒုစရိုက်သုံးပါး၊ ဝစီဒုစရိုက်လေးပါး၊ မနောဒုစရိုက်သုံးပါးတို့ အပြည့်အစုံ ဖြစ်နေရုံမျှမက အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မတို့နှင့် အမိအဖ ရဟန်းပုဏ္ဏား စသူတို့အပေါ်၌ ထားအပ်သော ဂါရဝတရားတို့လည်း ပျက်သုဉ်းခဲ့လေပြီ။ သည်ထက်တိုး၍ဖြစ်စရာ ဒုစရိုက်တရားတို့ မရှိကြပြီ။ ထိုဒုစရိုက်အယုတ်တရားတို့သာ ပို၍ပို၍ကြမ်းလာ ပို၍ပို၍ရမ်းလာဖို့ ရှိတော့သည်။ 

     ဤသို့ ဒုစရိုက် အယုတ်တရားတို့ အဖြစ်များလာသည်နှင့်အမျှ သူ့အသက်သတ်ခြင်း ရှောင်ကြဉ်မှု ပါဏာတိပါတဝိရတီ၊ သူတစ်ပါးပစ္စည်း ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်မှု ကာမေသုမိစ္ဆာစာရဝိရတီဟူသော ကာယသုစရိုက်သုံးပါး၊ လိမ်လည်လှည့်စားခြင်းမှ ရှောင်ကြဉ်မှု မုသာဝါဒဝိရတီ၊ အချက်ပျက်အောင်ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်မှု ဝိသုဏဝါစာဝိရတီ၊ ကြမ်းတမ်းစွာ ဆဲဆိုရေရွတ်ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု သမ္ဖပ္ပလာပဝါရတီဟူသော ဝစီသုစရိုက်လေးပါး။ သူ့ဥစ္စာကို ကိုယ့်ဥစ္စာပြုလိုခြင်းမှ ရှောင်ကြဉ်မှု အနဘိဇ္ဈာ၊ သူတစ်ပါးမပျက်စီးစေလိုမှု အဗျာပါဒ၊ အယူမှန်ခြင်း သမ္မာဒိဋ္ဌိဟူသော မနောသုစရိုက်သုံးပါး။ ဤဆယ်ပါးသော သုစရိုက်အကျင့်တရားတို့ ဆုတ်ယုတ်လာကြရကုန်၏။ ထို့ကြောင့် လူတို့၏သက်တမ်းတို့လည်း တဖြည်းဖြည်း ပို၍ပို၍ ဆုတ်ယုတ်လာကာ ၁၀-နှစ်တမ်းသို့ ရောက်လာပေလိမ့်မည်။ 

     ဆယ်နှစ်တမ်း ထိုဆယ်နှစ်တမ်းကာလာတွင် ၅-နှစ်အရွယ် သူငယ်မသည် အိမ်ထောင်ပြုနိုင်သောအဆင့်သို့ ရောက်နေပေလိမ့်မည်။ “ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်းလဲ၊ ဆား” ဟူသော ကောင်းမြတ်သော အရသာတို့ ကွယ်ပျောက်ပေလိမ့်မည်။ စားသောက်ဖွယ်အာဟာရတို့တွင် လူးထမင်းသည် အကောင်းဆုံးအာဟာရအဖြစ် တည်ရှိပေလိမ့်မည်။ ကုသိုလ် ကမ္မပထတရား ၁၀-ပါးတို့ လုံးဝဖြစ်ခွင့်မရကြဘဲ အကုသိုလ် ကမ္မပထတရား ၁၀-ပါးတို့သာ လွန်စွာပြန့်ပွားနေကုန်လိမ့်မည်။ “ကောင်းမှု” ဟူသော အမည်ကိုပင် ကြားရတော့မည်မဟုတ်ပေ။ ယခုအခါ အမိ အဖ ရဟန်း ပုဏ္ဏား လူကြီးသူမတို့အပေါ် ဝတ္တရားကျေပွန်၍ ဂါရဝရှိသူတို့သည် မြင်ကြရ ကြားကြရသူတို့၏ ချီးမွမ်းပူဇော်မှုကို ခံယူကြရကုန်သကဲ့သို့ ထိုအခါ အမိ အဖ ရဟန်း ပုဏ္ဏား လူကြီးသူမတို့အပေါ် မရိုမသေလုပ်သူ အနိုင်အထက်ပြုသူ နှိပ်စက်ညှဉ်းဆဲသူတို့သာ ချီးမွမ်းခံ ဂုဏ်ပြုခံ ပူဇော်ခံကြရပေလိမ့်မည်။ 

      ထိုအခါ မိခင်ဟူ၍လည်းကောင်း၊ မိကြီးမိထွေး အရီးကြီး အရီးလေး ဟူ၍လည်းကောင်း အလေးထား ရှောင်ကြဉ်ကြတော့မည်မဟုတ်၊ ဆိတ် သိုး ကြက် ဝက် ခွေးတို့ကဲ့သို့ ပေါင်းဖက်ကြပေလိမ့်မည်။ ထိုသူတို့သည် အချင်းချင်း “သားကောင်” ဟု အထင်ရောက်ကြပေလိမ့်မည်။ သားကောင်ဟူသောအထင်ဖြင့် ပြင်းထန်ထက်မြက်သော လက်နက်များကို ကိုင်ဆောင်၍ အချင်းချင်း သတ်ဖြတ်ကြသဖြင့် ၇-ရက်ပတ်လုံး သတ္ထန္တရ ကပ်ကြီး ဆိုက်ပေလိမ့်မည်။ သို့သော သတိရှိသော အချို့သောသူတို့သည် ငါတို့ မည်သူ့ကိုမျှ မသတ်ကုန်အံ့၊ ငါတို့ကိုလည်း အသတ်မခံကုန်အံ့ဟု ရှောင်တိမ်းပုန်းအောင်းနေကြသဖြင့် သတ္ထန္တရကပ်မှ လွတ်မြောက်သူတို့သည်လည်း ရှိကြပေလိမ့်မည်။ ထိုဆုတ်ကပ်ကာလ၏ လူ့သမိုင်းဖြစ်စဉ်ကို မဟာဝိသုဒ္ဓါရုံ အဂ္ဂမဟာပဏ္ဍိတ စည်ရှင်ဆရာတော်ဘုရားက ဖော်ပြပါအတိုင်း စပ်ဆိုတော်မူထားပေသည်။

      *ဝိဝဋ္ဋ္ဋာဌာ၊ ကပ်ဦးခါမှ၊ ဆုတ်လာတုံလတ်၊ အာယုကပ်တွင်၊ သိန်းကပ်ခိုးယူ၊ ရှစ်သောင်းမူကား၊ သတ်သူပေါ်ထ၊ လောင်းသောင်းကျသော်၊ ပြောကြမုသာ၊ နှစ်သောင်းမှာကား၊ ဝါစာပိသုဏ၊ ကုန်းတိုက်ကြ၏။ ကာမမိစ္ဆာ၊ တစ်သောင်းခါတည်း၊ ဖရုသာ, သမ္ဖပ်၊ ငါးထောင်ကပ်၌ ပေါ်လတ်လူ့ဘောင်၊ မိုက်လုံးပြောင်၏။ နှစ်ထောင်ဗျာပါ၊ အဘိဇ္ဈာတည်း၊ မိစ္ဆာဒိဋ္ဌိ၊ တစ်ထောင်သိလော့၊ ရောက်ရှိငါးရာ၊ သက်တမ်းမှာကား၊ မိစ္ဆာဓမ္မ၊ ဝိသမနှင့်၊ အဓမ္မရာဂေါ၊ ဒလဟောတည်း၊ ရောက်သောနှစ်ရာ၊ သက်တမ်းခါ၌၊ မာတာဒိက၊ ဂါရဝကို၊ စွန့်ကြတုံလစ်၊ တမ်းဆယ်နှစ်၌၊ စွန့်ပစ်ဓမ္မ၊ ရှင်းရှင်းပသည်.. သုံးဝကပ်ကြီး ဆိုက်အံ့သော်။ (ဝိသုဒ္ဓါရုံ ပရမတ္ထသရူပဘေဒနီဆိုရိုး၊ နှာ-၁၀၀။)

      တက်ကပ် ထိုသတ္တန္တရကပ်ကြီးမှ လွတ်မြောက်ခဲ့ကြရသူတို့သည် “ငါတို့သည် အကုသိုလ်တရားတို့ကို ဆောက်တည်ကျင့်ကြံမိကြသဖြင့် ဤသို့ သတ္ထန္တရကပ်ကြီးဆိုက်ကာ များစွာသော အဆွေအမျိုးတို့ ဆုံးရှုံးကြရကုန်၏။ ကုသိုလ်ပြုကြမှ တော်ကြပေလိမ့်မည်” ဟု အကြံဖြစ်ကာ သူတစ်ပါးအသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်သည့် ပါဏာတိပါတဝိရတီ သုစရိုက်ကို ကျင့်သုံးကြပေလိမ့်မည်။ ထိုကျင့်သုံးမှုကြောင့် အသက်အားဖြင့်လည်းကောင်း အဆင်းအားဖြင့်လည်းကောင်း တိုးပွားလာကြပေလိမ့်မည်။ 

     ဆယ်နှစ်တမ်းရှိ သူတို့၏ သားသမီးတို့သည် အသက်၂၀-ရှည်ကြပေလိမ့်မည်။ ထိုအခါ ပါဏာတိပါတမှ ရှောင်ကြဉ်ကြသဖြင့် ရရှိသည့် အဆင်းလှခြင်း၊ အသက်ရှည်ခြင်းကျေးဇူးကို တွေ့မြင်ကြရသူတို့သည် သူတစ်ပါးပစ္စည်း ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်မှု အဒိန္နာဒါနဝိရတီ၊ သူ့သားမယား လွန်ကျူးပြစ်မှားခြင်းမှ ရှောင်ကြဉ်မှု ကာမေသုမိစ္ဆာစာရဝိရတီဟူသော ကာယသုစရိုက်သုံးပါးကို ကျင့်သုံးကြပေလိမ့်မည်။ ထို့နောက် မုသားပြောခြင်းမှ ရှောင်ကြဉ်မှု မငသာဝါဒဝိရတီ၊ အချစ်ပျက်အောင် ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်မှု ပိသုဏဝါစာဝိရတီ၊ ကြမ်းတမ်းစွာ ဆဲဆိုရေရွတ်ခြင်းမှ ရှောင်ကြဉ်မှု ဖရုသဝါစာဝိရတီ၊ အဖျင်းပြောခြင်းမှ ရှောင်ကြဉ်မှု သမ္ဖပ္ပလာပဝိရတီဟူသော ဝစီသုစရိုက် ၄-ပါးကို ကျင့်သုံးကြပေလိမ့်မည်။ 

     ထို့နောက် မိမိတို့၏စိတ်၌ ဖြစ်ပေါ်နေတတ်သည့် သူ့ဥစ္စာကို ကိုယ့်ဥစ္စာပြုလိုမှု ရှေးရှုကြံသည့် အဘိဇ္ဈာတရား၊ သူတစ်ပါးပျက်စီးစေလိုသည့် ဗျာပါဒတရား၊ ပေးလှူခြင်းသည် အကျိုးမရှိ စသည် အယူမှားသည့် မိစ္ဆာဒိဋ္ဌိတို့ကို မိမိတို့၏စိတ်မှ ဖယ်ရှားကြပေလိမ့်မည်။ ထို့ပြင် အမိ၊ အဒေါ်၊ အရီး စသူတို့အပေါ်၌ တပ်မက်စွဲလမ်းမှု အဓမ္မရာဂ၊ မိမိတို့၏ တရားဝင်ဇနီး စသူတို့အပေါ်၌ အလွန်အကျူးလိုက်စားးမှု ဝိသမလောဘ၊ လိင်တူဆက်ဆံမှု မိစ္ဆာဓမ္မတို့ကို ရှောင်ကြဉ်ကြပေလိမ့်မည်။ ထို့ပြင် အမိ အဖ သမဏ ဗြာဟ္မဏတို့အပေါ်၌ ကောင်းမွန်ရိုသောစွာ ကျင့်သုံးမှုပြုကြပေလိမ့်မည်။ ဤသို့ ဒုစရိုက်တရားနှင့် အဂါရဝတရားတို့ကို တဖြည်းဖြည်း ပယ်ရှား၍ သုစရိုက်တရားနှင့် ဂါရဝတရားတို့ကို ကျင့်သုံးလာသည်နှင့်အမျှ ရုပ်ဆင်းအင်္ဂါတို့ ကြည်လင်တင့်တယ်မှု ပိုလာပြီး သက်တမ်းအားဖြင့်လည်း တိုးတက်လာကာ အနှစ်နှစ်ဆယ် အသက်ရှည်ကုန်သော သူတို့၏ သားသမီးတို့သည် အနှစ်လေးဆယ် အသက်ရှည်ကြပေလိမ့်မည်။ အနှစ်လေးဆယ် အသက်ရှည်ကုန်သောသူတို့၏ သားသမီးတို့သည် အနှစ်ရှစ်ဆယ် အသက်ရှည်ကြပေလိမ့်မည်။ အနှစ်ရှစ်ဆယ် အသက်ရှည်ကုန်သော သူတို့၏ သားသမီးတို့သည် အသက်တစ်ရာ့ခြောက်ဆယ် ရှည်ကြပေလိမ့်မည်။ 
     
      ဤသို့သောနည်းဖြင့် တစ်ဆတိုးသက်တမ်းတက်လာရာ အနှစ်ရှစ်သောင်းတမ်းသို့ရောက်လျှင် ဆာလောင်ခြင်း၊ ထမင်းဆီယစ်၍ ထိုင်းမှိုင်းခြင်း၊ အိုခြင်းတို့သာ အနာရောဂါအဖြစ် တည်ရှိကြပေလိမ့်မည်။ ထိုရှစ်သောင်းတမ်းကာလ၌ အမျိုးသမီးတို့သည် အသက်ငါးရာရောက်မှ အိမ်ထောင်ပြုနိုင်သူ၊ အရွယ်ရောက်သူများ ဖြစ်ကြပေလိမ့်မည်။ ဤသို့သောနည်းဖြင့် တရားကျင့်သုံးမှု ပိုမိုပြုလုပ်လာကြသည်နှင့်အမျှ ဆင်းရဲဒုက္ခတို့ ကင်းလာကာ ချမ်းသာသုခတို့လည်းတိုး၊ သက်တမ်းလည်း ပိုပိုလာကာ အသင်္ချေတမ်းသို့ ရောက်ကြပေလိမ့်မည်။ ဤကား တက်တပ်တည်း။ 

      ဤဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ကပ်ဖြစ်၏။ ဤသို့ ဆုတ်လိုက်တက်လိုက်ဖြင့် အန္တရကပ် ၆၄-ကပ်စေ့လျှင် လူတို့နေရာ ဝိဝဋ္ဋဌာယီ အသင်္ချေယျကပ်တစ်ကပ်ပြည့်၍ တစ်ကမ္ဘာခေါ် မဟာကပ်တစ်ကပ် ပြည့်ပေတော့သည်။ ဘဒ္ဒဤကမ္ဘာ ဤကမ္ဘာကား ဘုရားငါးဆူအထိ ပွင့်တော်မူသော အမြင့်မြတ်ဆုံး ဘဒ္ဒကမ္ဘာမည်၏။ 

     ဤကမ္ဘာ၌ အန္တရကပ် ၁၅-ကပ်လွန်၍ ၁၆-ကပ်မြောက် ဆုတ်ကပ်၏ ၄-သောင်းတမ်းကာလ၌ ကကုသန္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ ထိုမှဆုတ်ကာ ၁၀-နှစ်တမ်းရောက်၊ ထိုမှတက်ကာ အသင်္ချေတမ်းရောက်လျှင် အန္တရကပ် ၁၆-ကပ်ပြည့်၏။ ထိုအသင်္ချေတမ်းမှ ဆုတ်လာသောအခါ ၁၇-ကပ်မြောက်ဆုတ်ကပ်သို့ ရောက်လာပေတော့သည်။ ထို ၁၇-ကပ်မြောက်ဆုတ်ကပ်၏ အသက်၃-သောင်းတမ်းကာလ၌ ကောဏဂုမ်မြတ်စွာဘုရား ပွင့်တော်မူခဲ့၏။ ဤသို့သောနည်းဖြင့် ၁၈-ကပ်မြောက်ဆုတ်ကပ်၏ အသက် ၂-သောင်းတမ်း၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူ၍ ၁၉-ကပ်မြောက်ဆုတ်ကပ်၏ အသက်တစ်ရာတမ်း၌ ကျွန်ုပ်တို့၏ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့ပေသည်။ ထိုတစ်ရာတမ်းမှ ဆုတ်လာရာ ယခု ၇၅-နှစ်တမ်းခေါ် ကာလသို့ ကိုယ်တိုင်ရှောက်ရှိ တွေ့ကြုံနေကြရပေသည်။

      ဤသက်တမ်းမှ တဖြည်းဖြည်းဆုတ်၍ ၁၀-နှစ်တမ်းသို့ရောက်၊ ထိုမှပြန်တက် အသင်္ချေတမ်းရောက်လျှင် ၁၉ကပ်မြောက် အန္တရကပ်ပြည့်၏။ ထိုမှပြန်ဆုတ်လျှင် ၂၀-ကပ်မြောက် အန္တရကပ်၏ ဆုတ်ကပ်ဖြစ်။ ထိုဆုတ်ကပ်၏ အနှစ်၈-သောင်းတမ်းကာလတွင် သင်္ခစကြဝတေးမင်းကြီးပေါ်၍ အရိမေတ္တယျမြတ်စွာဘုရား ပွင့်တော်မူပေလိမ့်မည်။ ထိုမှဆုတ်ကာ ပြန်တက်လာ၍ အသင်္ချေတမ်းသို့ရောက်လျှင် ၂၀-ကပ်မြောက် အန္တရကပ်ပြည့်ပေတော့သည်။ ထိုမှနောက် အန္တရကပ် ၄၄-ကပ်ပြည့်မြောက်လျှင် ဤဘဒ္ဒကမ္ဘာ၏ ဝိဝဋ္ဋီဌာယီ အသင်္ချေယကပ်ပြည့်ကာ ဤကမ္ဘာအဆုံးသတ်ပြီး ဘုရား ပစ္စေကဗုဒ္ဓါ စကြဝတေးမင်းတို့ ပွင့်ပေါ်ဖြစ်ထွန်းခြင်းမရှိသည့် သုညကမ္ဘာကြီးများ ဆက်တိုက် ဖြစ်ပေါ်လာပေလိမ့်မည်။ ဤကား ဗုဒ္ဓ၏ လူ့သမိုင်း ဖြစ်စဉ်တည်း။

 တောင့်တချက် 

     ဤဗုဒ္ဓ၏ လူ့သမိုင်းဖြစ်စဉ်ကို လေ့လာကာ ယနေ့လူ့လောကသည် ဆုတ်ယုတ်နေသလော တိုးတက်နေသလော၊ ဘာတွေတိုး၍ ဘာတွေ ဆုတ်ယုတ်နေသနည်း။ ယနေ့ကမ္ဘာ၌ နေ့စဉ်ဖြစ်ပျက်နေကြသော ဖြစ်စဉ်တို့သည် အဘယ်တရားတို့ကို အခြေခံပြီး ဖြစ်ပေါ်နေသနည်း။ အကောင်းအဆိုးနှစ်မျိုးတွင် အဘယ်သို့ ဦးလှည့်နေသနည်း၊ ဘာကြောင့် အစိုးရဆိုတာ ပေါ်လာရ ရှိနေရသနည်း။ လူထုနှင့်အစိုးရ မည်သို့ဆယ်သွယ်နေသနည်း၊ အဘယ်ကြောင့် ရာသီဥတုဖောက်ပြန်မှု၊ အာဟာရဓာတ်ချို့တဲ့မှု ဖြစ်ရသနည်း။ အဘယ်ကြောင့် ဆုတ်ကပ်ကာလမှာသာ ဘုရားရှင်များ ပွင့်တော်မူရသနည်း စသည်တို့ကို ဆင်ခြင်စဉ်းစားကာ လူ့လောကကို အမှန်အတိုင်း ရှုမြင်သုံးသပ်နိုင်ကြပါစေ။ 

    *ဖြစ်ကာပျက်ကာ၊ ဆုတ်တိုးလာ၊ လောကာနိယမ မှတ်။ တည်ငြိမ်မှုကင်း၊ လှုပ်ရှားခြင်း၊ တက်ဆင်းရှုတ်ယှက်ခတ်။ လောကဖြစ်စဉ်၊ ရှုဆင်ခြင်၍၊ အစဉ်အေးမြ၊ တည်ငြိမ်လှသည့်။ ဓမ္မတစ်မျိုး၊ ဉာဏ်ဝယ်တိုး၊ အဖိုးထိုက်ပြီမှတ်။ 

 ကထိကရဟန်း ၏ "ဗုဒ္ဓ၏လူ့သမိုင်း" မှကောက်နုတ်တင်ပြပါသည်။
၁၃၅၁-ခု၊ ဝါခေါင်လပြည့်နေ့။

14 May, 2012

After a long time

ကိုယ်အခုကြည့်နေတဲ့ "Rooftop Prince" ထဲက OST တစ်ပုဒ်ကို တင်လိုက်တယ်။ OST တော်တော်များများ ကောင်းကြပါတယ်။ ဒီတစ်ပုဒ်ကိုတော့ အကြိုက်ဆုံးပဲ။ သီချင်းနာမည်က After A Long Time တဲ့။ ဆိုတဲ့သူကတော့ တခြားဘယ်သူရှိရိုးလဲ။ သူ့သီချင်းတိုင်းလိုလိုကို ရုပ်ရှင်တွေထဲမှာ ထည့်ထည့်သုံးနေရလောက်အောင်ကောင်းတဲ့ အဆိုတော် Baek Ji Young ပဲပေါ့။ သူဆိုထားတာရယ်၊ နောက်ပြီး အမျိုးသားတစ်ယောက်ဆိုထားတာရယ် version နှစ်ခုလုံး တင်ထားတယ်။ တစ်မျိုးစီ ခံစားလို့ရတာပေါ့။ Download link တွေလည်း အောက်မှာ တစ်ပုဒ်စီအတွက် ပေးထားပါတယ်။

After A Long Time - Baek Ji Young Download mp3 here~

 After A Long Time (male version) Download mp3 here~

29 April, 2012

Love Like This - Lee Young Hyun


download mp3 HERE

08 April, 2012

ဘယ်နေရာ မောင်နေမတုန်း



          ပရဟိတလုပ်ငန်းလေးတွေကို စွမ်းနိုင်ရာက လုပ်ကိုင်နေကြတဲ့ လူငယ်တစ်စု ကျောင်းကို ရောက်လာကြပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာ ယဉ်ကျေးလိမ္မာသင်တန်းကလေးတွေ လုပ်ပေးဖို့နဲ့ ကိုယ်စွမ်းနိုင်ရာ ဘာသာရပ်အလိုက် တတ်နိုင်သမျှ သင်ကြားပေးကြဖို့ အစီအစဉ်ကလေးတွေ ချမှတ်ပြီး လုပ်ကိုင်ကြဖို့ လောကတ္ထစရိယခရီး ထွက်ခါနီးမှာ သြဝါဒနဲ့ အကြံဉာဏ်ရယူဖို့ လာကြတာတဲ့။

          သူတို့ရဲ့ လုပ်ငန်းစဉ်းကလေးတွေ၊ သူတို့ရဲ့ စွမ်းဆောင်နိုင်မှုနဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကလေးတွေအကြောင်း ပြောပြီးတဲ့အခါ အဓိကရည်ရွယ်ချက်အနေနဲ့ ကျေးလက်ဒေသမှာရှိကြတဲ့ လူငယ်ကလေးတွေကို စိတ်ဓာတ်ခွန်အားနဲ့ အသိဉာဏ်ဗဟုသုတလေးတွေ မျှဝေပေးဖို့ဆိုတဲ့ စေတနာထားပြီး အခုလို လုပ်ကိုင်ကြမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။
          မိမိအနေနဲ့ စိတ်ဓာတ်ခွန်အားဖြည့် (ဗလဝါနုပ္ပဒါန)စကား ပြောကြားပေးစေလိုပါကြောင်း ဦးဆောင်တဲ့ လူငယ်တစ်ယောက်က လျှောက်ထားပါတယ်။

          “အခု မင်းတို့ လူငယ်လေးတွေ ယောက်ျားလေးတွေရော မိန်းကလေးတွေရောပေါ့လေ၊ မင်းတို့က သူများကို အားဖြည့်ပေးကြရတော့မှာဆိုတော့ ပထမဦးဆုံး ကိုယ်တိုင်ကလည်း အထိုက်အလျောက်တော့ ခွန်အားပြည့်နေဖို့ အရေးကြီးတယ်။ မင်းတို့ရဲ့ခွန်အားကို စစ်ဆေးတဲ့အနေနဲ့ မင်းတို့အားလုံး ရွေးချယ်ခွင့်ရှိတဲ့နေရာ နှစ်ခုအကြောင်း နည်းနည်းပြောကြည့်ပါမယ်၊ ကိုယ့်ကြိုက်သလို စဉ်းစားဆုံးဖြတ်ရွေးချယ်ကြပေါ့” လို့ အစချီပြီး -

          “ဒါဟာ ဥပမာတစ်ခုအနေနဲ့ မဟုတ်ဘဲ တကယ့်ကို ရွေးချယ်ရမယ့်နေရာနှစ်ခုလို့ မင်းတို့စိတ်ထဲမှာ ခံယူပြီး ရွေးချယ်ရမှာပါ။ နေစရာနေရာ နှစ်ခုရှိတယ်။ ပထမနေရာက အလွန်ခမ်းနားသပ်ရပ်ပြီး အဆင့်အတန်းမြင့်တဲ့ နေထိုင်စရာ အဆောက်အဦတွေလည်း ရှိတယ်။ အိမ်နောက်မှာ စားသောက်ပင်၊ အိမ်ရှေ့မှာတော့ ရေကူးကန်တို့ ပန်းခြံတို့ကလည်း တကယ့်ကိုမှ အပျံစား အကောင်းစား အဆင့်မြင့် ပန်းမျိုးစုံတို့နဲ့ တန်ဆာတင်ထားတာပေါ့။ ဒီနေရာတွေမှာ မီးမှန်ရေမှန်ဖို့ဆိုတဲ့ ပြဿနာလည်း လုံးဝကို မရှိဘူး။ ပူချိန်မှာ အေးစရာ၊ အေးချိန်မှာ နွေးထွေးစရာ ခေတ်မီ အထောက်အကူတွေလည်း အရန်သင့်။ အဲ… ပြီးတော့ စားစရာ ဝတ်စရာဆိုတာတွေကလည်း အချိန်တန်ရင် ယူစား ယူဝတ်ရုံပဲ၊ ဘာမှ ကိုယ်တိုင် အပင်ပန်းခံပြီး လုပ်စရာမလိုဘူး။ ဘာမဆို လိုတရဆိုတဲ့ နေရာကြီးဆိုပါတော့ကွာ။

          နောက်ထပ်နေရာတစ်ခုကတော့ တောရိုင်းမြေလို့ ခေါ်ရမလားပဲ။ ဘာအဆောက်အဦမှ မရှိဘူး။ မြက်ရိုင်းတွေ၊ သစ်ပင်ချုံပုတ်တွေနဲ့ မြေကွက်ပေါ့။ ဒီနေရာမှာ နေမယ့်လူများကတော့ မြက်ရိုင်းတွေ ချုံပုတ်တွေကိုလည်း ကိုယ်တိုင်ရှင်းရမယ်၊ မြေကိုလည်း ညှိတန်ညှိရမယ်၊ နေစရာ အဆောက်အဦကလည်း ကိုယ်စွမ်းကိုယ်စနဲ့ပဲ ဆောက်လုပ်ရမှာ။ ရေတွင်းရေကန်ဆိုတာလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်တိုင် ကြိုးစားတည်ဆောက်ရမှာ။ စားစရာသောက်စရာရယ်လို့ ဘာမှ မယ်မယ်ရရ မရှိလှတဲ့အတွက် ကိုယ်တိုင် စိုက်ပျိုးကြရမှာဖြစ်လို့ မြေကွက်ကတော့ လိုချင်သလောက်လို့ ဆိုရလောက်အောင် အကျယ်အဝန်းရနိုင်တဲ့ နေရာပေါ့။

          အဲဒီနှစ်နေရာကို မင်းတို့ ဘယ်နေရာနေချင်သလဲဆိုတာ ရွေးချယ်ရမှာ။ ဒီနေရာမှာ အရေးကြီးတဲ့ စည်းကမ်းချက်တစ်ခုတော့ ရှိတယ်။ အဲဒါကိုလည်း ထည့်စဉ်းစားရမှာပေါ့။ စည်းကမ်းချက်ကတော့ ပထမနေရာကို ရွေးချယ်သူများဟာ လုပ်ကိုင်စရာ အလုပ်အကိုင်ရယ်လို့ ဘာမှ မလိုအပ်တဲ့အတွက် ဘာအတတ်ပညာမှ သင်ကြားပေးမှာ မဟုတ်ဘူး။ ပညာသင်စရာနေရာတို့၊ ပညာသင်ပေးမယ့် ဆရာသမားတို့ဆိုတာလည်း မရှိဘူးပေါ့။ ပြီးတော့ ဒီနေရာမှာက နေကြသူအားလုံးဟာ အဆင့်အတန်းတူလို့ ဆိုရလောက်အောင် ချို့တဲ့မှုမရှိတဲ့ နေရာလေ။ အားလုံး ဇိမ်နဲ့ချည်း နေရတာဖြစ်လို့ အားကစားတို့လို အချင်းချင်း ပြိုင်ဆိုင်စရာ ပြိုင်ပွဲဆိုတာလည်း မရှိတဲ့အတွက် အားကစားပညာရပ်ဆိုတာလည်း မရှိဘူး။

          ဒုတိယနေရာကတော့ စားစရာ၊ ဝတ်စရာ၊ နေစရာကစပြီး ဘာမဆို လိုအပ်သမျှက ကိုယ်ကြိုးစားမှ ကိုယ်ပြည့်စုံမှာဆိုတော့ ပညာရပ်တွေ အမျိုးမျိုးလည်း ရှိသလို ပညာသင်စရာကျောင်းတွေ၊ ဆရာတွေဆိုတာလည်း ရှိမယ်။ ကိုယ့်ပညာကိုယ်သင်ပြီး ကိုယ့်ဘဝအဆင့်အတန်းကို ကိုယ်တိုင်မြှင့်တင်ရမယ့် နေရာလေ။ နေထိုင်မှု အဆင့်အတန်း တပြေးညီတော့ မဖြစ်ဘူး။ ကြိုးစားသူ၊ တော်သူတွေက အဆင့်အတ်းမြင့်ပြီး ပျင်းရိသူ၊ ညံ့သူတွေ အောက်ကျနောက်ကျ နေရတဲ့ နေရာ။ ဒီနေရာမှာ အဆင့်အတန်း အနိမ့်အမြင့်အတွက် ဇွဲလုံ့လနဲ့ အရည်အချင်းတွေကို ပြိုင်ရမှာဖြစ်သလို ပြိုင်ပွဲတွေ အမျိုးမျိုးလည်း ရှိတယ်။ ဒီအတွက် သင်တန်းတွေ အမျိုးမျိုးနဲ့ အသင်းအဖွဲ့တွေ အမျိုးမျိုးဆိုတာလည်း ရှိတာပေါ့။ အဲဒါတွေပါ ထည့်တွက်စဉ်းစားပြီးမှ မင်းတို့ ကြိုက်ရာကို ရွေးရမှာပါ။ ကဲ.. စဉ်းစားပြီး ရွေးကြစမ်းပါ။ ဘယ်နေရာနေကြမတုန်း” ဆိုပြီး မိမိက စကားကို ခဏရပ်လိုက်ပါတယ်။

          လူငယ်တစ်စု ခဏလောက် ငြိမ်နေကြတယ်။ စဉ်းစားရွေးချယ်နေကြတာ ဖြစ်မှာပေါ့။ ပြီးတော့မှ တစ်ယောက်က “ပထမနေရာကိုပဲ ရွေးမှာပေါ့”လို့ ဖြေလိုက်တယ်။ နောက်ထပ် သုံးလေးယောက်လောက်ကလည်း ဒီအတိုင်းပဲ ဖြေလိုက်ကြတော့ ကျန်တဲ့လူများက အသံမထွက်တော့ဘူး။ ဒါနဲ့ ကျန်တဲ့လူတွေကို မိမိက “ကဲ.. ကျန်တဲ့လူတွေက ဘာမှ မပြောပါကလား၊ အေး.. အဲဒါပဲကွ၊ တို့မြန်မာတွေဟာ ရှေ့ကလူ အသံကျယ်ကျယ်ပြောလာပြီဆိုရင် နောက်လူတွေက အသံတိတ်ကုန်ကြရော၊ ဘာဖြစ်လို့လဲ၊ ရှေ့လူတွေနဲ့မတူတဲ့အတွက် သူတို့ကို အားနာလို့လား၊ သူတို့နဲ့မတူနဲ့ ကိုယ့်အယူအဆကို မှားမယ်လို့ထင်ပြီး ကြောက်ကုန်တာလား။ အခု မင်းတို့ရွေးရမှာက အမှားနဲ့အမှန် မဟုတ်ဘူး။ ကိုယ့်ထင်မြင်ချက် ကိုယ်ပြောရမှာ။ နောက်ဆို ရဲရဲပြောကြနော်။ တစ်ယောက်တစ်ပေါက် ဖြစ်နေလေ အမြင်မျိုးစုံကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရလေဖြစ်တော့ အမှန်တရားနဲ့ အနီးစပ်ဆုံးအထိ ယေဘုယျကျကျ စဉ်းစားနိုင်မှာပေါ့ကွ။ အဖွဲ့အစည်းနဲ့လုပ်တဲ့ အလုပ်တိုင်းမှာ ဒါဟာ အရေးကြီးတယ်။ နောက်ဆို ကိုယ့်ထင်မြင်ချက်ကို အများရှေ့မှာပြောရဲအောင် လေ့ကျင့်ထားကြ။ ကဲ.. ထားပါတော့၊ အခု ရွေးချယ်မှုကို နည်းနည်း စဉ်းစားကြရအောင်။”

          အေးပေါ့လေ… မောင်ရင်တို့က တွက်ခြေကိုက်ဖို့ စဉ်းစားကြတာဆိုရင်တော့ ပထမနေရာက ဘာမှ အရင်းစိုက်စရာမလိုဘဲ အကုန် အပြည့်အစုံရမှာဆိုတော့ တွက်ခြေကိုက်တယ်လို့ပဲ ဆိုနိုင်တာပေါ့။ ဒါကြောင့် ရွေးချယ်လိုက်ကြတာ ထင်ပါရဲ့နော့။

          လောကမှာ အာဇာနည်ပုဂ္ဂိုလ်လို့ သိမှတ်လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုယ့်အတွက် တွက်ခြေကိုက်တဲ့အလုပ်ထက် အများအတွက် အကျိုးရှိမယ့်အလုပ်တွေကိုပဲ ရွေးပြီးလုပ်ကြသတဲ့။ အဲဒီတော့ မောင်ရင်တို့ကကော ဘယ်လိုလဲ။ ကိုယ်ကျိုးတွက်ခြေကိုက်ဖို့ လုပ်ကြမှာလား၊ အများအတွက် အကျိုးရှိဖို့ လုပ်ကြမှာလား။ ဒါကို ပြတ်ပြတ်သားသား သုံးသပ်ပြီး ဆုံးဖြတ်ကြပါ။ လောကမှာ “အချောင်လိုက်ရင် အကျပ်ဆိုက်တတ်တယ်၊ အကျပ်ကိုလိုက်နိုင်မှ အချောင်ဆိုက်မယ်” ဆိုတဲ့ ရှေးလူကြီးသူမတို့ ဆိုရိုးစကားတော့ ရှိတယ်နော်။ အဲဒါကိုလည်း သတိထားပါ။

          အခု မောင်ရင်တိုပ၊ အဲ.. မောင်ရင်ရော မယ်ရင်ရောပေါ့လေ.. မောင်တို့မယ်တို့ပေါ့။ ကိုယ့်ကိုကိုယ် ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြန်ပြီးမေးပါ။ ဒီလုပ်ငန်းကို (၁) နေရာရချင်လို့ လုပ်မှာလား၊ (၂) နာမည်ကောင်းရဖို့ ဂုဏ်သတင်းကျော်စောဖို့ လုပ်မှာလား၊ (၃) ကိုယ်ကျိုးတွက်ခြေကိုက်ဖို့ လုပ်မှာလား၊ (၄) အများအကျိုး သည်ပိုးဆောင်ရွက်ဖို့ လုပ်မှာလား။ အေး.. ၁၊ ၂၊ ၃ မေးခွန်းတွေကို မင်းတို့က “Yes” လို့ဖြေကြရင်တော့ ငါ့အနေနဲ့ “No”လို့ပဲ တုံ့ပြန်မှာပဲ။ အဲဒီလူမျိုးတွေဆိုရင် တခြား စီးပွားရေးလုပ်ငန်းတစ်ခုခု ရှာပြီးလုပ်ကြပါ။ ပရိဟိတလုပ်ငန်းအမည်ခံပြီး ကိုယ်ကျိုးမရှာချင်ကြပါနဲ့လို့ အကြံပေးချင်တယ်။ အေး.. ၁၊ ၂၊ ၃ မေးခွန်းများကို “No”လို့ဖြေပြီး နံပါတ်၎မေးခွန်းကိုသာ “Yes”လုပ်ချင်သူများကိုသာ ငါ့အနေနဲ့ “Yes”လို့ ထောက်ခံနိုင်မယ်။ ဒါဆို မင်းတို့မှာ အများယုံကြည်ထိုက်တဲ့ အရည်အချင်းရှိလို့ အခြေခံကောင်းတယ်လို့ပဲ သတ်မှတ်ပါတယ်။

          အေး နံပါတ်(၄) ပရိဟိတသမားဆိုတာ လောကတ္ထစရိယသမားဖြစ်တယ်။ တို့ကိုးကွယ်ရာဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့အလောင်းတော် ပါရမီဖြည့်တယ်ဆိုတာ ပထမဆုံး အခြေခံလုပ်ငန်းအနေနဲ့ “လောကတ္ထစရိယာ = လောကရဲ့ ကောင်းကျိုးသက်သက်ကိုသာကြည့်ပြီး စွမ်းနိုင်ရာကလုပ်တာပေါ့”။ ဒီလိုပုဂ္ဂိုလ်မျိုးကို အာဇာနည်သူရဲကောင်းလို့ခေါ်တာ။ ဒီလို အာဇာနည်သူရဲကောင်းများဟာ ဘယ်လိုကိစ္စမျိုးကိုပဲ ဆောင်ရွက်ဆောင်ရွက် “လောကဂုဏ်သိန်၊ စည်းစိမ်မဖက်၊ သက်သက်အလှူ၊ ခံယူသူသာ၊ ချမ်းသာစေကြောင်း၊ ငဲ့ညှာရှောင်း၊ အလောင်းတော်တို့ ဒါနမှတ်” ဆိုတဲ့ တောင်မြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ)ရဲ့ လင်္ကာအတိုင်း စိတ်ထားရမယ်။ ဒီလင်္ကာမှာ အစဆုံးပါရမီဖြစ်လို့ “ဒါန”ကို ဆိုလိုက်တာပါ။ အမှန်ကတော့ ဒါနမှ မဟုတ်ပါဘူး။ သီလစတဲ့ ပါရမီလုပ်ပန်းတွေကို ပြုလုပ်ရာမှာလည်း အလောင်းတော်ရဲ့စိတ်ထားက ဒီအတိုင်းချည်းပါပဲ။

          ဒီလင်္ကာထဲမှာ “လောကဂုဏ်သိန်၊ စည်းစိမ်မဖက်”ဆိုတာ လောကထဲမှာ ရရှိခံစားနိုင်တဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတို့၊ ဂုဏ်သတင်းကျော်စောခြင်းတို့၊ ယုတ်စွအဆုံး ချီးမွမ်းတာတို့၊ ကျေးဇူးတင်တာတို့အထိပေါ့။ အဲဒီလို ဂုဏ်သိန်ကိုရော၊ စည်းစိမ်ဥစ္စာကိုရော ဘာမှမဖက်ဘူး။ လောကကြီးဆီက ကိုယ်ကျိုးတွက်ခြေကိုက်စရာ ဘာမှကိုမမျှော်ဘူး။ ရှေးလူကြီးများ ပြောသလိုဆိုရင်တော့ “ပြန်ဂဏန်း မမျှော်ဘူး”ပေါ့ကွာ။ အဲဒီလို စိတ်ထားတာ။ လောကကို လောဘနဲ့ မကြည့်ဘူး၊ စွန့်လွှတ်လိုတဲ့ အလောဘစိတ်သက်သက်နဲ့ပဲ ကြည့်တယ်လို့ ဆိုလိုတာ။

          “သက်သက်အလှူ၊ ခံယူသူသာ၊ ချမ်းသာစေကြောင်း၊ ငဲ့ညှာရှောင်း”ဆိုတာကတော့ သူတစ်ပါး ချမ်းသာရေးအတွက်သက်သက်ပဲ ရှေးရှုတာပေါ့။ ဒါကတော့ လောကကို ဒေါသနဲ့ မကြည့်ဘူး။ မေတ္တာစိတ်သက်သက်နဲ့ပဲ ကြည့်တယ်လို့ ဆိုလိုတာ။ ဒါဟာ အာဇာနည်တို့စိတ်ထားပဲ။ ကဲ.. မောင်တို့မယ်တို့ကရော လောကကြီးကို ဘာနဲ့ကြည့်မှာလဲ။ အဲဒါကို ဖြေကြည့်ပါ။

          အာဇာနည်တို့ရဲ့လုပ်ငန်းဆိုတာ ကိုယ်ကျိုးကိုငဲ့ပြီး လုပ်လို့မရဘူး။ ကိုယ်ကျိုးစွန့်ပြီးတော့မှ လုပ်လို့ရတာ။ “အာဇာနည်ဖြစ်ချင်ရင် ပထမဆုံးရှိရမည့်သတ္တိက ကိုယ်ကျိုးစွန့်ရဲတဲ့သတ္တိပဲ”လို့ ဆိုလိုက်တော့မှ အားလုံးက “ကိုယ်ကျိုးစွန့်ဖို့ပါ”ဆိုပြီး ပြိုင်တူဖြေကြပါတယ်။

          အေး.. ဒါဆိုရင် စောစောကပြောခဲ့သလို အခြေခံအားဖြင့်တော့ ကောင်းပါပြီ။ ဒါပေမဲ့ တကယ့် လေကတ္ထစရိယသမားလို့ဆိုရမယ့် အာဇာနည်ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာ -
          (၁) ယုံကြည်ထိုက်သူဖြစ်အောင်လည်း ရိုးသားရမယ်။
        (၂) အားကိုးထိုက်သူဖြစ်အောင်လည်း ကြိုးစားရမယ်။
        (၃) လေးစားထိုက်သူဖြစ်အောင်လည်း ဖြူစင်(စင်ကြယ်)ရမယ် တဲ့။
          အခု မင်းတို့ရပြီးသားလိုဖြစ်နေတဲ့ “မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင်စိတ်ကိုထား” ဆိုတာနဲ့ တစ်သဘောတည်းပဲပေါ့။

          ဒီသုံးချက်ထဲမှာ (၁) “ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမယ်” ဆိုတဲ့အချက်အရ အထက်မှာပြောခဲ့သလို အလောင်းတော်တို့ထုံးကို စံနမူယူပြီး ကိုယ်ကျိုးငဲ့ကွက်မှု အားလုံးကိုလည်း စွန့်နိုင်ရမှာ။ အနည်းဆုံး ကျေးဇူးတင်စကားလေး အပြောခံချင်တာတို့လို ကိုယ်ကျိုးငဲ့မှုမျိုးကို မရှိမှ ဖြစ်မှာနော်။

          ဂျပန်ဘုန်းတော်ကြီးများရဲ့ ထေရုပ္ပတ္တိထဲမှာ ဖြစ်ရပ်ကလေးတစ်ခု ရှိတယ်ကွ။ ဘုန်းတော်ကြီးက သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်လည်း အလွန်ကြီးမားပြီး မင်းရော ပြည်သူကပါ လေးစားခံရတဲ့ ဘုန်းကြီးမျိုးပေါ့။ အဲဒီဘုန်းတော်ကြီးကျောင်းမှာ ကျောင်းဆောက်ဖို့ သူဌေးကြီးတစ်ဦးက ရွှေဒင်္ဂါးငါးရာကြီးများတောင် သွားလှူတာတဲ့။

          သူဌေးကြီးက ဘုန်းတော်ကြီးရှေ့မှာ ရွှေဒင်္ဂါးထုပ်ကြီးကိုချပြီး “ဒီမှာ ဆရာတော်ဘုရား ကျောင်းဆောက်ဖို့ ရွှေဒင်္ဂါးငါးရာပါ ဘုရား” လို့လျှောက်တော့ ဆရာတော်ကြီးက “အေး.. ထားခဲ့” လို့ပြောပြီး သူ့အလုပ်သူ ဆက်လုပ်နေတယ်။

          တအောင့်လောက်ကြာတော့ သူဌေးကြီးက “ဆရာတော်.. တပည့်တော်လှူတာ ရွှေဒင်္ဂါးတွေဘုရာ့၊ ငါးရာတောင်ရှိတယ်” ဆိုတော့ ဆရာတော်ကြီးက “အေး.. ခုန မင်းပြောပြီးပြီလေကွာ၊ ငါသိပြီးသားပါ” ဆိုပြီး အလုပ်ကို ဆက်လုပ်နေတယ်။ သူဌေးကြီးကတော့ သိပ်ဘဝင်ကျပုံမပေါ်ဘဲ ဆက်ထိုင်နေတယ်။

          ပြီးတော့မှ “ဆရာတော်.. ဒီရွှေဒင်္ဂါးတွေဟာ တန်ဖိုးအတော်ကြီးတယ်။ အရပ်ထဲမှာဆိုရင် ဒါမျိုး ရွှေဒင်္ဂါးသုံးပြားလောက်ဆိုရင်တောင်မှ ရင်းနှီးလုပ်ကိုင်စားလို့ရတယ်” ဆိုပြီး ထပ်လျှောက်တော့ ဆရာတော်ကြီးက “အေးပါကွာ.. ဒါတွေ ငါသိပါတယ်၊ ဘာလဲ မင်းက ကျေးဇူးတင်စကား ပြောစေချင်လို့လား” လို့ တဲ့တိုးကြီးမေးလိုက်တော့ “တင်ပါ့.. အဲဒီလောက်တော့ ပြောသင့်တာပေါ့ဘုရား” လို့ ပြန်လျှောက်သတဲ့။ ဆရာတော်ကြီးက “ဘာကွ.. ကျေးဇူးတင်ရမယ် ဟုတ်လား၊ မင်းကို ငါက ဘာဖြစ်လို့ ကျေးဇူးတင်ရမှာလဲ။ တင်ခြင်းတင်ရင် မင်းကသာ ငါ့ကို ကျေးဇူးတင်ရမှာကွ” လို့ မိန့်ကြားလိုက်ပါသတဲ့။

          ကဲ.. ဆရာတော်ကြီးပြောလိုတာကို မောင်ရင်တို့ သဘောပေါက်ကြသလား။ အခု မင်းတို့ ပရဟိတလုပ်ငန်းတွေ လုပ်တော့မယ်။ ဆိုကြပါစို့ အခု ယဉ်ကျေးလိမ္မာသင်တန်းတွေ လုပ်ကြမယ်ပေါ့။ သင်တန်းတက်သူတွေလည်း ရောက်လာကြမှာပါ။ အဲဒီအခါမှာ ဘယ်သူက ဘယ်သူ့ကို ကျေးဇူးတင်ရမယ်ထင်သလဲ။ တကယ်လို့သာ သင်တန်းသားတစ်ယောက်မှ မလာကြဘူးဆိုရင် မင်းတို့ ဘာလုပ်နိုင်ကြမလဲ။ ပေးရမယ့်သူမရှိလို့ မပေးဖြစ်ခဲ့ရင် မင်းတို့ဟာ ပေးလှူသူရယ်လို့ ဖြစ်လာပါတော့မလား။ အဲဒီတော့ မင်းတို့ရဲ့ ပရဟိတလုပ်ငန်း အောင်မြင်ရေးမှာ တကယ်တမ်း မင်းတို့ အလိုအပ်ဆုံးအရာက ဘာလဲဆိုတာ မြင်ပြီလား။ ကိုယ်ပေးတာကို ယူမည့်သူတွေဆိုတာ ကိုယ့်ရဲ့ကျေးဇူးရှင်တွေ။ ကိုယ့်လုပ်ငန်းကို  ဖြည့်စွက်ကူညီသူတွေဖြစ်တယ်ဆိုတာ မင်းတို့ သဘောပေါက်ပြီမို့လား၊ အဲဒီလို အခြေခံကျကျ ရိုးသားသူတွေဖြစ်ရမှာ။

          အဲ.. ယုံကြည်လောက်အောင် ရိုးသားကြသူတွေတော့ ဖြစ်ပါရဲ့။ ဒါပေမဲ့ ဇွဲလုံ့လမရှိဘူး၊ ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင် မင်းတို့ကို ဘယ်သူက ရေရှည်အားကိုးပါ့မလဲ။ အဲဒါကြောင့် နံပါတ်(၂)က “အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမယ်” လို့ ဆိုတာပါ။ ကဲ.. ဘယ်နှယ့်လဲ၊ ဖြစ်နိုင်မလား။ ဖြစ်နိုင်မယ်ဆိုရင် မင်းတို့ရဲ့ နေရာရွေးချယ်မှုကို ပထမဆုံး ပြောင်းလဲရလိမ့်မယ်။ စောစောကပြောတဲ့ နေရာနှစ်ခုလေ။ မင်းတို့က ပထမနေရာကို ရွေးမယ်လို့ ပြောခဲ့တယ်။ အခု ထပ်ရွေးပါ။ ဒုတိယနေရာပေါ့၊ ဟုတ်ရဲ့လား။

          မင်းတို့ပဲ စဉ်းစားကြည့်လေ။ ပထမနေရာကိုရွေးသူဟာ ကြိုးစားလိုစိတ်မရှိလို့ အချောင်လမ်းကိုရွေးတာ မဟုတ်လး။ လောကမှာ အချောင်ရရင် ရသလောက်ယူမယ်၊ ကြိုးစားရမှာဆိုရင်တော့ ဘာမှမလိုချင်ဘူးဆိုတဲ့လူကို ဘယ်သူက အားကိုးမှာလဲ။

          အဲဒီနေရာနှစ်ခုနဲ့ ပတ်သက်လို့ တို့မြတ်စွာဘုရားရဲ့ ရွေးချယ်ပုံလေးကိုလည်း နားထောင်ကြည့်ပါဦး။ အဲဒီနေရာနှစ်ခုမှာ ဘာမဆို အရာရာပြည့်စုံတယ်ဆိုတဲ့ နေရာက “နတ်ပြည်”ဆိုတဲ့နေရာကို ကိုယ်စားပြုပြောချင်တာ။ နတ်ပြည်မှာ နတ်သား၊ နတ်သမီးဖြစ်ရပြီဆိုရင် သူ့အတွက် နေစရာလည်း ဘုံဗိဗ္မာန်အသင့်၊ စားစရာဝတ်စရာတွေဆိုတာလည်း ပဒေသာပင်တွေမှာ အရံသင့် ဖြုတ်ယူစားသုံးရုံပဲဆိုတာ ကြားဖူးတယ်မဟုတ်လား။ အဲဒီနေရာမှာ ဖြစ်ရတဲ့ သတ္တဝါ(နတ်)တွေ ဆိုတာတဲ့ “ကမ္မဋ္ဌ ဇီဝိတ = ကံဟောင်းရဲ့ အကျိုးသက်သက်ကိုမှီပြီး အသက်မွေးနေကြတာ” တဲ့။ ဘာမှလုပ်စရာ မလိုတဲ့အတွက် ဘာပညာမှလည်း မသင်ကြားရသလို ဘာအစွမ်းသတ္တိမှလည်း တိုးမလာဘူး။ လူ့ပြည်မှာ လူစွမ်းကောင်း အာဇာနည်ဆိုတာရှိပေမဲ့ နတ်ပြည်မှာတော့ နတ်စွမ်းကောင်း အာဇာနည်လို့ မရှိနိုင်ဘူး။ “ကံဟောင်းစားတွေ” လို့ပဲ သတ်မှတ်တယ်။ ဘယ်ပညာရှင်ကမှ အထင်မကြီးတဲ့ ဘုံသားတွေ။ မိဘရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေကို ခံစားသုံးဖြုန်းနေတဲ့ ပညာမဲ့ လတ်လျားလတ်လျား သူဌေးသားငကြွားတွေလိုပေါ့ကွာ။ မင်းတို့ကော အဲဒါကို အားကျသလား။ ဖြစ်ချင်သလား။ မြတ်စွာဘုရားရှင်က အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ်၊ တိဌာနသုတ်မှာ “နတ်တွေဆိုတာ လူတွေလို ရဲရင့်တဲ့ သတ္တိလည်း မရှိဘူး။ သတိတရားလည်း နည်းတယ်။  မြင့်မြတ်တဲ့အကျင့်(မဂ္ဂင်ရှစ်ပါး)ကို ကျင့်သုံးနိုင်စွမ်းလည်းနည်းတယ်။ လူတွေက နတ်တွေထက် ဒီသုံးချက်မှာ သာတယ်”တဲ့။

          နတ်တွေဟာ လောကဓံရှစ်ပါးဆိုတဲ့ ဘဝတိုက်ပွဲ အဆိုးအကောင်းတွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်ရတာမျိုးမှ မရှိဘဲ၊ ဘယ်လိုလုပ် သူရသတ္တိရှိမလဲနော့်။ “ဘဝဆိုတာ တိုက်ပွဲ”လို့ ဆိုရိုးရှိတယ်ကွ။ ဒီဆိုရိုးစံနဲ့ တိုင်းတာမယ်ဆိုရင်တော့ နတ်တွေဆိုတာ “အသက်သာရှိပြီး ဘဝမရှိသူတွေ”လို့တောင် ပြောရမယ်ထင်တယ်။ ပြီးတော့ ဘာမှ သတိတရထားပြီး လုပ်ကိုင်စားသောက်ရတယ်ဆိုတာ မရှိတော့ သတိတရားလည်း နည်းတာပေါ့။ ပြီးတော့ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်တွေဆိုတာကလည်း အပျင်းကြီး အကောင်းကြိုက်၊ ဇိမ်ခံသမားတွေ ကျင့်သုံးနိုင်တာမျိုးမှ မဟုတ်ဘဲ။ တကယ်ကို ဇွဲလုံ့လသန်ကြသူတွေမှသာ ကြိုးစားအားထုတ်ရယူနိုင်တဲ့ အဆင့်အတန်းလေ။ “ဇွဲမဲ့သူ လန်ကျ၊ ဇွဲရှိသူ စံရ” ဆိုတဲ့ နေရာမျိုးပေါ့။ ဒါကြောင့် လောကမှာ အမြတ်ဆုံးဖြစ်တဲ့ ဘုရားရှင်တို့၊ ပစ္စေကဗုဒ္ဓါတို့၊ အဂ္ဂသာဝက၊ မဟာသာဝကတို့၊ သာသနာဝန်ထမ်း ရဟန်းတော်တို့ဆိုတာ လူ့ဘုံကိုသာ ရွေးချယ်နေရာယူကြတာ။ ဒီအဆင့်အတန်းတွေဆိုတာ လူ့ဘဝဆိုတဲ့ အခြေခံကောင်းကို ယူပြီးမှသာ ကြိုးစားရယူနိုင်တဲ့ အဆင့်အတန်းတွေလို့ ပြောရတာပေါ့။ ဒါကြောင့် နတ်ဘုံဆိုတာ အချောင်ကြီးပွားချင်ကြသူတွေကသာ အထင်ကြီးနေကြတာ။ တကယ်မြင့်မြတ်တဲ့ အဆင့်အတန်းကို ရည်မှန်းသူတိုင်းက အထင်မကြီးတဲ့နေရာလို့ ပြောတာ။

          ဒါ သိပ်ကိုအရေးကြီးတယ်နော်။ လူတော်တော်များများပဲ အချောင်ကြီးပွားချင်လို့ အဓိဋ္ဌာန်ဝင်တယ်၊ ပွဲထိုးတယ် ဆိုတာတွေ ကြားဖူးတယ်မို့လား။ အဲဒါ “ကမ္မဋ္ဌဇီဝိတ = ကံသက်သက်နဲ့ အသက်မွေးချင်သူတွေ”ပဲ မဟုတ်လား။ ဘုရားရှင်ကတော့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ လုံ့လစွမ်းနည်းကြလို့ “အစွမ်းထက်မြက်သူတွေ” လို့ မဆိုနိုင်ကြဘူးလို့ မှတ်ချက်ချပါတယ်။ အဲဒါကို နားမလည်ဘဲ အချောင်ရလိုစိတ်တွေနဲ့ လူစင်စစ်က နတ်စိတ်ပေါက်နေရင်တော့ လူလည်းမဖြစ်၊ နတ်လည်းမဖြစ်ဘဲ မနပ်တနပ်တွေ ဖြစ်ကုန်ကြမှာပေါ့။

          အခု မင်းတို့က လူတွေမဟုတ်လား။ လူစင်စစ်ကော ဖြစ်ချင်ရဲ့လား၊ မနပ်တနပ်တွေ ဖြစ်ချင်ကြတာလား။ အေး လူစင်စစ်ဖြစ်ချင်ရင်တော့ ဒုတိယနေရာကို ရွေးရလိမ့်မယ်။ အဲဒီ ဒုတိယနေရာဆိုတာာ လူ့ဘုံလူ့ဌာနကို ဆိုလိုတာပဲ။ လူ့ဘုံဆိုတာ “ဥဋ္ဌာန ဇီဝိတ” တဲ့။ လုံ့လဝီရိယနဲ့ အသက်မွေးရတဲ့ ဘုံဌာနလို့ပြောတာ။ ကိုယ့်နေရာကိုယ် သိရတယ်။ ကိုယ်ဖြစ်တည်နေထိုင်ရတဲ့ နေရာရဲ့ ဓလေ့ထုံးတမ်းကို သိရတယ်။ လူ့ဘုံသားဆိုတာ နတ်ဘုံသားတွေလို ကံသက်သက်ကို မှီပြီး အသက်မွေးခွင့်မရှိဘူး။ ကုဋေရှစ်ဆယ်သူဌေးသားတို့ကို ကြည့်ပါလား၊ ကံဟောင်းကြောင့် ကုဋေရှစ်ဆယ် အမွေရပေမဲ့ လူနဲ့တူအောင် မလုပ်တတ်တော့ ငတ်ပြတ်တောင်းစားရင်း မြောင်းကြားမှာ ဘဝဆုံးရတယ် မဟုတ်လား။

          ကဲ အခု ကိုယ်ရောက်တဲ့ အရပ်ဒေသ ဘုံဌာနရဲ့ ဓလေ့ထုံးတမ်းကို သိပြီမို့လား၊ “ဥဋ္ဌာန ဇီဝိတ” ဘုံသားဖြစ်တယ်ဆိုတာလေ၊ ကံသက်သက်မျှော်ပြီး အချောင်အသက်မွေးချင်စိတ် ထားရင်တော့ လူမပီသတဲ့ စိတ်ထားလို့ကို ပြောရတော့မှာနော်။ လူ့ဘုံနဲ့တန်တဲ့ လူစိတ်ဆိုတာ ထကြွလုံ့လနဲ့ အသက်မွေးလိုစိတ် ရှိနေရမှာ။ လူ့ဘုံသားတို့မှာပါတဲ့ ကံဟောင်းဆိုတာ “ကံဟုမူလ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်” ဆိုတဲ့အတိုင်း အခြေခံအရင်းအနှီးလို့ ဆိုရမယ့် မျိုးစေ့ကလေးတွေလောက်ပဲ ရှိတယ်။ မျိုးစေ့ကို တိုးပွားအောင် ပျိုးထောင်ပွားများတတ်တဲ့ အတတ်ပညာလည်း မရှိ၊ ထကြွလုံ့လလည်းမရှိဘဲ မျိုးစေ့ကိုပဲ ချက်စားချင်လို့ကတော့ တစ်နပ်စားနဲ့ ပါးစပ်ဖျားမှာပဲ လမ်းပျောက်သွားမှာပေါ့။

          မင်းတို့ကိုယ်တိုင်က ဒီသဘောတရားတွေ၊ ဒီစိတ်ဓာတ်တွေ ပြည့်ဝနေမှ မင်းတို့နဲ့ တွေ့ဆုံရမယ့် လူငယ်လေးတွေကိုလည်း စိတ်ဓာတ်မှန်တွေ မြှင့်တင်ပေးနိုင်မှာပေါ့။ အဲဒါ အလေးအနက် သဘောပေါက်ခံယူကြပါ။

          ပြီးရင် နံပါတ်(၃) လူ့အရည်အချင်းဖြစ်တဲ့ “လေးစားထိုက်သူဖြစ်အောင် ဖြူစင်ရမယ်” ဆိုတာကိုလည်း မဖြစ်မနေ မွေးမြူထားရမယ်။ ဟုတ်တယ်လေ။ မင်းတို့က လောကကို အလုပ်အကျွေးပြုကြရမှာ၊ လောကရဲ့အကျိုးကို ဆောင်ကြရမှာ။ ကိုယ့်ကိုယ်ကို လောကရဲ့ ကယ်တင်ရှင်ကြီးတွေလို၊ ကျေးဇူးရှင်ကြီးတွေလို သဘောထားပြီး မောက်မာကြမယ်၊ အနည်းဆုံး ကိုယ့်အပေါ်လေးစားလိုမှု၊ ကျေးဇူးတင်လိုမှုတွေ မွေးကြမယ်ဆိုရင် မင်းတို့ကို ဘယ်သူက လေးစားတော့မှာလဲ။

          အလောင်းတော်တို့ထုံးကို နှလုံးမူပြီး သူတစ်ပါးအကျိုးကို ဆောင်ရွက်လိုမှုဆိုတဲ့ နှိမ့်ချတဲ့ စိတ်မျိုးထားရမှာပေါ့။ “ရူးကျွန်မူ၍ ကျင့်၊ သူ့ကျွန်မူ၍ ချောင်း” ဆိုတာ ပညာရှာတဲ့နေရာမှ မဟုတ်ဘူး။ ကုသိုလ်ရှာတဲ့နေရာမှာလည်း ဒီလိုပဲ ကျင့်သုံးရမှာ။ နှိမ့်ချရမယ့်နေရာမှာ မောက်မာရင် လူမုန်းမယ်။ အဲ.. မောက်မာလို့ရမယ့် နေရာမှာတောင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေမယ်ဆိုရင်တော့ လူတိုင်းက ရှက်နိုးအားနာတောင်ဖြစ်ပြီး လေးစားလာမှာပေါ့။ ကုသိုလ်ဆိုတာ ကမ္ဗည်းထိုးတာတို့၊ အသံကောင်းလွှင့်ပြီး ကြော်ငြာတာတို့အတိုင်း ဖြစ်တာမဟုတ်ဘူး။ အမှန်တကယ်ထားတဲ့ စေတနာအတိုင်းသာ ဖြစ်တယ်ဆိုတာ စွဲစွဲမြဲမြဲ ခံယူထားဖို့လိုတယ်။

          တို့ မြတ်စွာဘုရားရှင်ဟာ လောကသုံးပါးလုံးရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ “သဗ္ဗညုဘုရားရှင်ကြီး” ဖြစ်တော်မူခဲ့ပေဲ့ တပည့်တွေကို ပြောဆိုဆုံးမရာမှာ “မိတ္တဝတာယ သမုဒါစရထ = ငါဘုရားရှင်အပေါ်မှာ မိတ်ဆွေကောင်းလို သဘောထားကျင့်ကြပါ၊ မာ ပသတ္တဝတာယ = ရန်သူလိုသဘောထားပြီး ဆန့်ကျင်ဘက် မကျင့်သုံးကြပါနှင့်” တဲ့။ ကဲ ကိုယ်ပေးရမယ့် တပည့်တွေအပေါ်မှာတောင် တောင်းပန်တိုးလျှိုးသံပေါက် မနေပေဘူးလား။ ပြီးတော့ ကျွတ်ထိုက်တဲ့ သတ္တဝါဝေနေယျတွေ တပည့်တွေအတွက်ဆိုရင် သူတို့က ဖိတ်ခေါ်တာကို စောင့်မနေဘူး။ ကိုယ်တော်တိုင် ခြေလျင်ကြွသွားပြီး တရားဓမ္မကို ဟောကြားဆောင်ရွက်ပေးခဲ့တယ်ဆိုတာ ပထမဆုံး တရားဦးခရီးဖြစ်တဲ့ ပဉ္စဝဂ္ဂီတို့ကို တရားဟောဖို့ ကြွမြန်းခြင်းကစပြီး နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ခါနီးမှာတောင် သုဘဒ္ဒပရိဗိုဇ်ရှိရာ ကုသိနာရုံအထိ ကြွတော်မူခဲ့တာတွေကို ထောက်ကြည့်ရင် သိသာတယ်။ ပေးလိုသူမှန်ရင် ပေးရမည့်သူရှိရာကို သွားရှာပြီးပေးရတယ်။ လာယူတာတို့၊ တောင်းဆိုတာတို့၊ တောင်းပန်တိုးလျှိုးတာတို့ကို စောင့်မျှော်မနေရဘူးဆိုတာကို မြတ်ဗုဒ္ဓက အလုပ်နဲ့ပြပြီး ဆုံးမသွားတဲ့သဘောပဲ မဟုတ်လား။

          ဒါကြောင့် ငါဖြင့် တရားပွဲတွေမှာ “လာပင့်တဲ့ကားက အိုချာလို့၊ လမ်းကကြမ်းလို့၊ ဓမ္မပူဇာက မဖြစ်လောက်လို့” စတဲ့ အကြောင်းပြချက်တွေနဲ့ ဇီဇာကြောင်ကြတာ၊ ငြင်းပယ်ကြတာတွေကို ကြားရတိုင်း ဘုရားရှင်အပေါ်မှာ ရှက်နိုးအားနာကြီးကို ဖြစ်ဖြစ်သွားပြီး ကြည်ညိုစိတ်တွေလည်း ပိုပိုတိုးလာတယ်။ မင်းတို့လည်း ကိုယ်ကိုးကွယ်တဲ့ ဘုရှားရှင်အပေါ်မှာ အဲဒါတွေအာရုံပြုပြီး ကြည်ညိုအားကျကြရမှာပေါ့။ သေသေချာချာမှတ်ထားနော်၊ အထက်တန်းရောက်လိုရင် အထက်ရောက်နေသူတွေကို သွားရည်ကျပြီး မျှော်နေရမှာမဟုတ်ဘူး။ အားကျပြီး အတုယူကြိုးစားကြရမှာ။ ကြားလား၊ ဒါဟာ သိပ်ကိုအရေးကြီးတယ်။

          ကဲ.. ဒီလောက်ဆိုရင် ဘယ်နေရာနေမလဲ၊ ဘယ်စိတ်ဓာတ်မျိုးမွေးမလဲ၊ ဘယ်လို ကောင်းကျိုးဆောင်မလဲဆိုတာ ရွေးတတ်လောက်ပါပြီ။ အချိန်လည်းကြာသွားပြီ။ လိုအပ်ရင် နောက်မှ ထပ်ပြီး ဖြည့်စွက်ဆွေးနွေးကြသေးတာပေါ့။ ။

          လောကကို အလုပ်အကျွေးပြုနိုင်ကြပါစေ
        ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
 
Copyright (c) 2010 ★Craton. Design by WPThemes Expert.